ဆောင်းဦးလေ
ဆောင်းဦးလေ
တစ်ချိန်တုန်းက ကျွန်မဟာ ကြက်တောင်စည်းပဲ။
ကျွန်မအမေရဲ့ကျောက်ပျဥ်ဘေးမှာထိုင်ပြီး
ရှင်မတောင်တွေ စားသုံးတယ်။
ကြက်တူရွေးပန်းဟာ မိုးရာသီကို ပြုလုပ်တယ်။
ကျောင်းသွားတဲ့အခါ ခေါက်ထီးတစ်ချောင်းကို ယူသွားတယ်။
အချိန်ရဲ့ယင်းလိပ်ဟာ ကျွန်မကိုမစောင့်ဘူး။
ဆောင်းဦးမရောက်ခင်မှာပဲ ရာသီသွေးဆိုပြီး လှုပ်ခါသွားတယ်။
အမေ့ရဲ့ကျောက်ပျဥ် ကျကွဲသွားတယ်။
ကျွန်မနောက်ပြန်သွားလို့မရအောင် ရင်သားတွေကဆူလာခဲ့ပြီ။
အခုတော့သိပြီ
အမေ့ရဲ့ဇာဘော်လီဟာ စူးစိုက်ချင်စရာပဲ။
ရှင်မတောင်ဟာ သူတို့ရဲ့အကြည့်မှာ ထုံအခဲ့။
အတန်းထဲမှာ ခေါက်ထီးဟာ အသုံး၀င်မှုမရှိတော့သလောက်ပဲ။
ကျွန်မအိပ်ရာထဲ အပြာ၀တ္ထုတွေ ရင့်မှည့်လာတယ်။
ကျွန်မတို့ကြားထဲမှာ ချွေးသံရွှဲရွှဲဘီလူးကြီးတစ်ကောင် ရောက်နေပေါ့။
အမေရေ
ကျွန်မရဲ့ရာသီသွေးသိုလှောင်ရုံနား
ယောင်လို့တောင်မကပ်ပါနဲ့။
ကျွန်မဟာအခြားတစ်ယောက် ဖြစ်လာနေပြီ။
ကျွန်မဟာ ကျားသစ်တစ်ကောင်ရဲ့ချောင်းမြောင်းခြင်းကို ခံနေရပြီ။
ကျွန်မဟာ တွယ်တက်လို့မရဘူး
အမေ့အိမ်ခေါင်းရင်းက လဲမှို့ပင်ကြီးလို
ကျွန်မဆံနွယ်ဟာ ဖြောင့်ဆင်း။
ကျွန်မရင်သားဟာ ငွားငွားစွင့်စွင့်။
ကျွန်မတင်ပါးဟာ လှုပ်ချလို့မကျ။
ကျွန်မဟာ အူထုံပွင့်ခွေ။
မာယာတို့ရဲ့ မြစ်ရယ်
ကျွန်မကို ဖြတ်ဆင်းပါတော့။
ကျွန်မရဲ့လှေပေါ် ချယ်ရီပင်များတင်ကြလော့။
စောပြီးမှည့်တဲ့ ရာသီသွေးထဲ ဆောင်းလေဟာ
ဒီဇင်ဘာမှဖေဖော်၀ါရီအထိ
သွေးရူးသွေးတန်း၀င်ရောက်လာတယ်။
အဲဒီယောကျ်ားရဲ့ အသံသြသြထဲ
မီးရထားတစ်စင်းလို ကျွန်မစုန်ဆင်းသွားတယ်။
သူ့ရဲ့လည်ဇလုပ်ထဲ
ကျွန်မရင်သားကို ကျွန်မပြန်မျိုချတယ်။
ဆောင်းခိုမယ့် ငှက်တို့ရေ
တောင်ရဲ့ချိုင့်၀ှမ်းထဲက အဲဒီသူစိမ်းယောကျ်ားဟာ ဘယ်သူများလဲ။
ကျွန်မယင်းလိပ်ဟာ လှုပ်ခါသွားလိုက်ရတာ
ကျွန်မအောက်ခံထဲ နှင်းဟာ မည်းနက်။
သူဟာ ဘယ်သူလဲ။
သူ့နာမည်ကို ပြောကြပါရှင်။
နိုရာ၀င်း
၂၀၂၁
*ကိုးကား - Maenad by Sylvia Plath
Comments
Post a Comment