ရည်းစားဟောင်းအတွက် မွေးနေ့ဆုတောင်း

ရည်းစားဟောင်းအတွက် မွေးနေ့ဆုတောင်း

တော်လှန်ရေးဟာ မုန်တိုင်းတစ်ခုဆို နှင်းဆီဟာ မုန်တိုင်းမျက်စိပေါ့။ မင်းနဲ့ငါဟာ နှင်းဆီရဲ့ယောနိကနေ ပွင့်လန်းလာမယ့် နိုင်ငံတော်တစ်ခုထဲမှာ လက်နက်ကိုင်ပြီး ပုန်းအောင်းမယ်၊ ဒါမှမဟုတ် လက်နက်မဲ့စွာ ပုန်းအောင်းနေမယ့် ပျားပိတုန်းလိုအဖြစ်မျိုးနဲ့ ဝေးခဲ့ကြတာ နှစ်ပေါင်းတစ်ရာ။ အခုဆို နှင်းဆီဖူးလေးဟာ လှုပ်ခတ်လို့လာနေပြီ။ အမျိုးသမီးတစ်ဦးရဲ့ရဲတောက်မှုများနဲ့ နိုင်ငံရဲ့ ပြည်တွင်းစစ်များအကြောင်းကနေ အော့ဇ၀စ်ကနေ ညမကူးဘဲအိမ်ပြန်ရောက်လာခဲ့တဲ့ ကမ္ဘာမကျော်သူ ပိုလန်ဂျူးတစ်ယောက်ရဲ့အကြောင်း ရုပ်ရှင်တွေအထိ သူ့အထဲမှာ မှတ်တမ်းတင်ထားပေါ့။ မင်းနဲ့ငါ့ရဲ့အကြောင်းကတော့ အလွန်သေးငယ်တဲ့ ပုစွန်ဆိတ်ကလေးများ အခန်းကဏ္ဍကနေ ပါ၀င်နေလောက်တယ်။ တော်လှန်ရေးကနေ အိမ်ကိုပြန်ရောက်တော့ ငါ့ရဲ့အချစ်ကို မင်းရဲ့ဝှေးစေ့နဲ့ တိုင်းထွာစကားဆိုပြီး ဒီတော်လှန်ရေးကြီးဟာ ဘယ်လောက်ကြာရှည်နိုင်တဲ့အကြောင်း မင်းတွက်ချက်ပြတယ်။ တကယ်တမ်းကျ ရည်းစားဟောင်းဆိုပေမဲ့ အခုထိမဟောင်းနိုင်သေးဘူး။ နှင်းဆီရဲ့အေးခဲမှုကိုမလိုလားလို့ အာဏာရှင်ဟာ ယမ်းငွေ့တွေသုံးပြီးမီးမွှေးတတ်သလိုမျိုး မင်းနဲ့ငါရည်းစားတွေဖြစ်ခဲ့ကြတဲ့အကြောင်း အမှတ်တရမွေးနေ့ကိတ်တွေနှစ်စဥ်ပို့ပြီး ငါ့ရည်းစားလေးကျန်းမာပါစေ။ မင်းကျောပြင်မှာချိုင့်၀င်နေတဲ့ နိုင်ငံတော်ကို ဆက်လက်သယ်ပိုးနိုင်ပါစေ။ နိုင်ငံတော်ကြီးကျန်းမာဖို့ မင်းကျန်းမာပါစေလို့ပဲ ဆုတောင်းနေရတယ်။ ရွေးချယ်စရာနည်းပါးလိုက်ပုံများ။ မင်းနှုတ်ခမ်းကိုအားပါးတရစုပ်ယူပြီးနောက် ဖြစ်ပေါ်လာတဲ့တနင်္ဂနွေ။ အပြာရောင်ဘတ်သီးတပ်ဆင်ထားတဲ့ နှင်းဆီဖူးအိပ်ခန်း။ အဲဒီအိပ်ခန်းထဲမှာလဲလျောင်းရင်း တိမ်လွှာမို့မို့လွင်ထဲ ၀င်းဦး၀င်ရောက်သွားပုံအကြောင်း ငါတွေးမိတယ်။ ဒါဟာမင်းကို သတိရလို့လေ။ လက်ပစ်ဗုံးတွေသိုင်းလွယ်ထားတဲ့ ပုစွန်ဆိတ်တစ်ကောင်ဟာ ပင်လယ်ကြီးကိုလက်ပစ်ကူးနေတဲ့မြင်ကွင်းနဲ့ ငါတို့ငယ်ရွယ်ခဲ့ကြပုံတွေက အသက်၀င်လာတယ်။ ဂျွန်လင်နွန်ရဲ့ Oh My Love ကို အသံကုန်ပိတ်ပြီးဖွင့်ထားလိုက်တယ်။ (ဒီနေ့ဟာ မင်းမွေးနေ့ဆိုတာ တစ်နေရာရာကနေ သိလိုက်ရပြီး။)


နိုရာ၀င်း

၂၀ ဇွန် ၂၀၂၁

Comments

Popular posts from this blog

မြွေတွေကိုပြန်လွှတ်ပေးချင်ရင် ဘယ်မှာပြန်လွှတ်ပေးရမလဲ (Snake Relocation)

ဆောင်းဦးလေ