မြန်မာပြည် ပြည်သူ့စာပေလမ်းကြောင်းနှင့် စပ်လျဥ်း၍
မြန်မာပြည် ပြည်သူ့စာပေလမ်းကြောင်းနှင့် စပ်လျဥ်း၍
၁။ ပြည်သူ့စာပေအယူအဆ စတင်ခြင်း
"ပြည်သူ့စာပေသည် မြန်မာနိုင်ငံရေးသမိုင်းနှင့်အတူ ပေါ်ထွက်လာခဲ့သော စာပေအယူအဆဖြစ်ပါသည်။ စာပေသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့မှ ခွဲထွက်လာသည့် အခက်တစ်ခုဖြစ်ရာ ယင်းတို့ကို ကျော်လွန်၍မရရှိနိုင်ပါ။ ကမ္ဘာ့နိုင်ငံရေးကိစ္စသည် မြန်မာနိုင်ငံကို ရိုက်ခတ်ခဲ့သည်။ (၁၉၁၄-၁၉၃၉) ပထမကမ္ဘာစစ်၊ (၁၉၃၀) ကမ္ဘာ့စီးပွားရေးပျက်ကပ်၊ ထိုရိုက်ခတ်မှုတို့နှင့်အတူ မြန်မာ့နိုင်ငံရေးအခြေအနေ (၁၉၃၈-၁၉၃၉)၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု၊ (၁၃၀၀)ပြည့် အရေးတော်ပုံကြီး၊ (၁၉၄၁-၄၂) ဒုတိယကမ္ဘာစစ်၊ (၁၉၄၂-၄၅) ဖက်ဆစ်ဂျပန်တော်လှန်ရေး ပြည်သူ့စစ်ကြီး၊ (၁၉၄၅-၁၉၄၈) မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကြီး၊ (၁၉၄၉-၁၉၆၀) မြန်မာ့နိုင်ငံရေးအခြေအနေ ပြည်တွင်းစစ်များနှင့် စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးဆောင်ရွက်မှုများ စသည့် သမိုင်းဖြစ်ရပ်များသည် မြန်မာပြည်ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အပြောင်းအလဲများစွာ ဖြစ်ပေါ်စေခဲ့သည်။ စာပေပညာရှင်တို့သည် ပြည်သူတို့ဘ၀တိုးတက်ရေး၊ ဘ၀လွတ်မြောက်ရေးအတွက် "ပြည်သူ့စာပေ"များကို ပြုစုလာခဲ့ကြသည်။ ထို့ကြောင့် ပြည်သူ့စာပေတွင် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားယဥ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားတို့ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး၊ ဘ၀လုံခြုံရေး၊ အထူးအားဖြင့် ပြည်သူ့ဘ၀တိုးတက်မြင့်မားရေး၊ ပြည်သူ့အရေးကို ရှေးရှုရေးတို့ကို တွေ့မြင်နိုင်ပါသည်။"
____________________________________________
အထက်ပါတင်ပြချက်မှာ စာတမ်းရှင် မမြင့်ရီ၏ "ပြည်သူ့စာပေ၏ သဘောသဘာ၀"လေ့လာချက်စာတမ်းပါ ခြုံငုံသုံးသပ်ချက်အချို့ ဖြစ်ပါသည်။
စာတမ်းရှင်၏ ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံ ပြည်သူ့စာပေလမ်းကြောင်းသည် -
-မြန်မာ့နိုင်ငံရေးအခြေအနေအရ ပေါ်ထွက်လာသည်။
-ပြည်သူကို အကျိုးပြုရန် ရည်ရွယ်သည်။
ဟူသောအချက်နှစ်ချက်ကို ယေဘုယျသဘော တွေ့ရပါသည်။
မြန်မာနိုင်ငံတွင် “ပြည်သူ့စာပေအယူအဆ”ကို အယူအဆ၊ ၀ါဒတစ်ရပ်အနေဖြင့် စတင်ဖော်ထုတ်ခဲ့သူမှာ သိန်းဖေမြင့်ဖြစ်ကြောင်း(မြင့်ရီ၊ ၂၀၀၈)သိရသည်။ ထိုအချက်ကို မင်းကျော်၏ “ပြည်သူ့အတွက်ဟူသော ပြည်သူ့စာပေအယူအဆကို ၁၉၃၇ ခုကတည်းက သိန်းဖေမြင့်က ဖော်ထုတ်ခဲ့ကြောင်း သိရပေသည်”(မင်းကျော်၊ ၁၉၇၅)ဟူသော တင်ပြချက်တွင် ထပ်မံတွေ့ရသည်။ ယင်းကဲ့သို့ပင် ငွေဥဒေါင်းကလည်း အလားတူ ပြောဆိုခဲ့သည်ကို တွေ့ရပါသည်။ (ငွေဥဒေါင်း၊ ၁၉၆၇)
သိန်းဖေမြင့်နှင့်စပ်လျဥ်းပြီး ဆက်စပ်လေ့လာကြည့်လျှင် စင်စစ်သိန်းဖေမြင့်သည် ပြည်သူ့စာပေအယူအဆဟူ၍ အမည်တပ်ဖော်ထုတ်ခြင်း မပြုမီကပင် ပြည်သူ့စာပေ၏သဘော သက်၀င်သော စာများကို ပြုစုခဲ့ပြီးဖြစ်ကြောင်း တွေ့ရသည်။ သိန်းနေနွယ်ကလောင်ဖြင့် ၁၉၃၄ ခုနှစ်တွင်ရေးသည့် “သီချင်းဆို၍ ငိုရသည်” ၀တ္ထုတို၊ ၁၉၃၅ ခုနှစ်တွင်ရေးသည့် “ငါ့လင်နှင့်ငါ့ငွေ”၀တ္ထုတို၊ ၁၉၃၅ ခု၊ အောက်တိုဘာလထုတ်၊ ဒီးဒုတ်ဂျာနယ်ပါ “ရေပွက်ပမာ”၀တ္ထုတိုတို့တွင် ဆင်းရဲသားလူတန်းစားတို့၏ ဘ၀သရုပ်၊ ချမ်းသာသော မြေရှင်၊ ဓနရှင်တို့၏ သရုပ်မှန် စသည်တို့ကို တင်ပြရင်း ပြည်သူ့စာပေ၏ သဘောကို ထင်ဟပ်ခဲ့ပြီးဖြစ်ကြောင်း(မြင့်ရီ၊ ၂၀၀၈)တွေ့ရပါသည်။
ပြည်သူ့စာပေအယူအဆဟု မကြေညာသော်လည်း ပြည်သူ့စာပေသဘောတရားများကို ပထမဆုံး အခြေချပေးခဲ့သောမဂ္ဂဇင်းမှာ တာရာမဂ္ဂဇင်း(စွမ်းရည်၊ ၁၉၇၃) ဖြစ်ပါသည်။ တာရာမဂ္ဂဇင်းတွင် မော်စီတုန်း၏ အနုပညာနှင့် စာပေသဘောတရားများ၊ ပါမောက္ခဂျော့သွမ်ဆန်၏ စာပေအယူအဆများ၊ ခရစ္စတိုဖာကောက်ဒွိလ်၏ စာပေအယူအဆများ၊ ဆိုရှယ်လစ်စာပေသဘောတရားများနှင့် ဗမာစာဖတ်ပရိသတ်ကို မိတ်ဆက်ပေးခဲ့သည်။ စာပေ၊ ပန်းချီ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်စသည့် အနုပညာတို့ကို ဆိုရှယ်လစ်အမြင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ချဥ်းကပ်ဝေဖန်သမှု ပြုလုပ်ခဲ့သည်။ ကမ္ဘာကျော် ပြည်သူ့စာရေးဆရာကြီးများဖြစ်သော ဂေါ်ကီ၊ ချက်ကော့ဗ်၊ လူရွှန်း၊ နီရူဒါ၊ မာယာကော့စကီး၊ အီလျာအီရင်ဘတ်ဖူးချစ် စသူတို့အပြင် သိပ္ပံပညာကျော်များဖြစ်ကြသော အိုင်းစတိုင်း၊ မဒမ်ကျူရီ စသည်တို့ကို ဗမာစာဖတ်ပရိသတ်နှင့် စတင်အကျွမ်းတ၀င်ဖြစ်အောင် လုပ်ပေးခဲ့သည်(စွမ်းရည်၊ ၁၉၇၃)ဟူသော အချက်များအရ မြန်မာပြည်ပြည်သူ့စာပေလမ်းကြောင်း စတင်လာခြင်း၌ တာရာမဂ္ဂဇင်း၏ ထည့်၀င်မှု တစ်စိတ်တစ်ပိုင်းကိုလည်း သိရပါသည်။
၂။ စာရေးဆရာများက တင်ပြသော ပြည်သူ့စာပေ၏သဘော
မြန်မာပြည်ပြည်သူ့စာပေလမ်းကြောင်း ပေါ်လာခြင်းနှင့် အားကောင်းလာခြင်းတွင် ထိုကာလရှိ ခေတ်ပြိုင်စာရေးဆရာများ၏ မိမိ၏စာပေအမြင်၊ မိမိ၏စာပေအယူအဆတို့ဖြင့် ထည့်၀င်မှုများကိုလည်း တွေ့ရပါသည်။
ပထမဦးဆုံးအနေဖြင့် ၁၉၆၂ ခုနှစ်၊ နို၀င်ဘာလ (၁၇) ရက်မှ (၂၁) ရက်နေ့အထိ ကျင်းပသော အမျိုးသားစာပေညီလာခံကြီး၏ နိဂုံးချုပ် ကြေညာချက်ပါ အချက်အလက်အချို့ကို တင်ပြပါမည်။
“ဒီနေ့စာပေရေးရာနဲ့ပတ်သက်ပြီး တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ၊ လုပ်သားထုကြီးကို ဦးစားပေးပြီးရေးတဲ့ ဒီပြည်သူလူထု လုပ်သားထုကြီး လွတ်မြောက်ရေး ဦးတည်တဲ့စာပေ ဖြစ်ရမယ်။ ကျွန်တော်တို့စာပေသည် လူတန်းစားဘက်လိုက်သောစာပေ ဖြစ်ရမယ်။ လူတန်းစားဘက်မလိုက်သောစာပေ မဖြစ်ရဘူး။ တောင်သူလယ်သမားနဲ့ အလုပ်သမားလူတန်းစားဘက်က သိသိသာသာကြီးလိုက်တဲ့ စာပေဖြစ်ရမယ်။” (သိန်းဖေမြင့်၊ ၁၉၆၂)
ဟု အတည်ပြု ဆုံးဖြတ်ကြေညာခဲ့ကြောင်း သိရပါသည်။ အဆိုပါကြေညာချက်ကို စာပေညီလာခံ စာတမ်းရှင်များဖြစ်သော ဒဂုန်တာရာ၊ ဒေါင်းနွယ်ဆွေ၊ မိုးဝေ၊ ရန်ကုန်ဘဆွေ စသူတို့က ထောက်ခံခဲ့သည်။ ထို့အတူ ပြန်လည်ဆွေးနွေးသူများဖြစ်သော တက္ကသိုလ်မြတ်သူ၊ ရန်အောင်၊ ကြူကြူသင်း၊ သခင်တင်မောင်၊ စိန်လွင်လေး၊ ဗန်းမော်တင်အောင်၊ အောင်လင်း၊ ဘုတလင်ချစ်လေး စသည့် တက်ရောက်သူများကလည်း ထောက်ခံခဲ့ကြသည်ဟု မှတ်တမ်းမှတ်ရာ တွေ့ရပါသည်။
ဤသို့ဖြင့် အမျိုးသားစာပေညီလာခံကနေ လူတန်းစားဘက်လိုက်ရေးကို မူအဖြစ် ချမှတ်အတည်ပြုကာ ၁၉၆၂ ခုနှစ်မှစ၍ ပြည်သူ့ပေခရီးကို ချီတက်လာခဲ့သည်(မြင့်ရီ၊ ၂၀၀၈)ဟု သိရပါသည်။
သိန်းဖေမြင့်
သိန်းဖေမြင့်သည် “ပြည်သူ့စာပေ”ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ပြည်သူ့ခေတ်၊ ပြည်သူ့စစ်၊ ပြည်သူ့စာပေ”ဟု ကဏ္ဍ (၃)ခု တင်ပြပြီး ဆက်စပ်ဖွင့်ဆိုသည်ကို အောက်ပါအတိုင်း တွေ့ရသည်။
“နယ်ချဲ့အရင်းရှင်နှင့် ပဒေသရာဇ်တို့ ကြီးစိုးလွှမ်းမိုးသောခေတ်ကြီးသည် မှိန်မှိန်လာပြီး အလုပ်သမား၊ အရင်းရှင်ပေါက်စ၊ ပညာရှင်စသော လုပ်သားပြည်သူတို့ ကိုယ့်ကြမ္မာ ကိုယ့်လက်နှင့် ကိုင်တွယ်၍ ဖန်ဆင်းရသော ပြည်သူ့ခေတ်” (သိန်းဖေမြင့်၊ ၁၉၈၁)
“နယ်ချဲ့ကိုဖယ်ရှားနိုင်ပြီး ပြည်သူတို့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်သည့် ပြည်သူ့ခေတ်ထွန်းကားလာသည့်ကာလတွင် ခေတ်ဟောင်းဖောက်ပြန်ရေးအင်အားစုကို ခေတ်သစ်တိုးတက်သော အင်အားစုက အကြီးမားဆုံး ထိုးနှက်ခြင်းဖြစ်သော ပြည်သူ့စစ်ကြီး”(သိန်းဖေမြင့်၊ ၁၉၈၁)
“ထိုသို့ပြည်သူ့စစ် ဖြစ်ပွားသည့်အခါ ထိုပြည်သူ့ခေတ်နှင့် ပြည်သူ့စစ်ကြီးတို့ကို ထင်ဟပ်ဖော်ပြရသောစာပေသည် ပြည်သူ့စာပေ။ ထိုသို့ပြည်သူ့စစ် ဖြစ်ပွားသည့်အခါ ပြည်သူ့စာပေသည် ပေါ်ပေါက်လာရသည်။”(သိန်းဖေမြင့်၊ ၁၉၈၁)
ဟူသော တင်ပြချက်ကို တွေ့ရသည်။ ထို့ပြင် -
“ပြည်သူ့စာပေကား အဘယ်နည်း။ အကျဥ်းချုပ်အားဖြင့်ဆိုရသော် တောင်သူလယ်သမား၊ အလုပ်သမား၊ မြို့တော်နေဆင်းရဲသား၊ ဗျက်ထိုးခေါင်းရွက် စာရေးစာချီနှင့် အခြားလုပ်စားကိုင်စားတို့ ပါ၀င်အပ်သော ပြည်သူလူထုကြီးဘက်မှ လိုက်လျက် ရေးသားဖော်ပြပြီး ပြည်သူလူထုကြီး လွတ်မြောက်ရေး၊ တိုးတက်ရေးတို့ကို စည်းရုံးရှေ့ဆောင်ရာတွင်လည်းကောင်း၊ ပြည်သူလူထု၏ရန်သူများ၊ အနှောင်အဖွဲ့များကို တိုက်ဖျက်ရာ၌လည်းကောင်း ပါ၀င်သောစာပေသည် ပြည်သူ့စာပေဖြစ်သည်။” (သိန်းဖေမြင့်၊ ၁၉၇၃)
ဟုလည်းကောင်း၊
ယနေ့ပြည်သူ့စာပေအထွေထွေ ပြဿနာဆောင်းပါးတွင်-
“ပြည်သူ့သရုပ်ပြစာပေကို ဖန်တီးရုံဖြင့် မလုံလောက်သေး။ ပြည်သူလူထုသည် ဘ၀သစ်အတွက် လှုပ်ရှားစည်းရုံးလျက်ရှိသည်။ နိုးကြားလျက်ရှိသည်။ အသွင်တစ်မျိုးမျိုးဖြင့် ဘ၀ဟောင်းကို တိုက်ခိုက်လျက်ရှိ၏။ တကယ့်ပြည်သူ့စာပေသည် ပြည်သူလူထု၏ လက်ရှိဘ၀၊ လက်ရှိဘ၀၏ အပြစ်အနာ ဇစ်မြစ်၊ လက်ရှိဘ၀မှ ရုန်းကန်ထွက်ရန်နိုးကြားမှု၊ အားထုတ်မှု၊ စည်းရုံးမှု၊ ဘ၀ဟောင်းကို တိုက်ဖျက်မှုနှင့် ဘ၀သစ်ကို ယော်ရမ်းမှုများကို အရိပ်ထင်ရမည်။ သို့မှသာ ပြည်သူ့စာပေသည် ပြည်သူလူထု၏ အခြေအနေကို ပြောင်းလဲပစ်နိုင်မည်။ သို့မှသာ ပြည်သူ့စာပေသည် ပြည်သူလူထုအား အသိဉာဏ်နှင့်ယှဥ်၍ ခေါင်းဆောင်ပေးသောစာပေဖြစ်နိုင်မည်။ သို့မှသာ တကယ့်ပြည်သူ့စာပေဖြစ်နိုင်မည်။” (သိန်းဖေမြင့်၊ ၁၉၇၃)
ဟူ၍လည်းကောင်း တင်ပြခဲ့ပါသည်။
မောင်နေ၀င်း
မောင်နေ၀င်းက “စာပေနှင့်လူမှုရေး”ဆောင်းပါးတွင်-
“လူတန်းစားလူ့ဘောင်တစ်ရပ်တွင် စာပေသည် လူတန်းစားအသွင်လက္ခဏာကို ဆောင်၏။ ဘက်လိုက်၏။ လူတန်းစားတိုက်ပွဲ၏ အရေးပါသောလက်နက်ဖြစ်၏။ လူများစုကြီးဖြစ်သော အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားကျောမွဲများဘက်မှ ရပ်တည်သည့်စာပေသည် ယင်းဆင်းရဲသားကျောမွဲများဘက်မှ လိုက်ရမည်။ ဆင်းရဲသားလူတန်းစားတို့၏ တိုက်ပွဲမှ အရေးပါသောလက်နက်လည်း ဖြစ်အပ်၏။” (နေ၀င်း၊ ၁၉၆၇)
ဟု ဆိုခဲ့သည်။
မင်းကျော်
မင်းကျော်က ၀တ္ထုအတတ်ပညာပိုင်းဆိုင်ရာ ပြဿနာကို ဆွေးနွေးရင်း အောက်ပါအတိုင်းတင်ပြသည်ကို တွေ့ရပါသည်။
“၀တ္ထု၏အကြောင်းအရာသည် ကိုယ်လွတ်ရုန်းအကြောင်းအရာ မဟုတ်တော့ဘဲ အများစုလွတ်မြောက်ရေး အကြောင်းအရာပိုင်း၊
၀တ္ထု၏ရည်ရွယ်ချက်သည် ဖျော်ဖြေမှုအပိုင်း အဓိကမဟုတ်တော့ဘဲ လှုံ့ဆော်မှုအပိုင်းက အဓိကဖြစ်လာသည်။
အကြောင်းအရာနှင့် ရည်ရွယ်ချက်ပိုင်းအားဖြင့် ကြွေးကြော်သံသစ်နှင့် လိုက်ဖက်လာသည်နှင့်အမျှ ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ဆောင်ပိုင်းတို့သည်လည်း တိုးတက်ပြောင်းလဲလာရပါသည်။ ဤသည်ပင် ပြည်သူ့စာပေသည် သမာရိုးကျ၀တ္ထုများနှင့် လမ်းခွဲလာခြင်းဖြစ်သည်။
"၀တ္ထုဇာတ်လမ်းများသည် လူများစု လွတ်မြောက်မှုကို ရှေးရှုခြင်း၊ မျက်မှောက်လူ့အဖွဲ့အစည်းကို ထင်ဟပ်စေလျက် ရှေးရှုသည့် လူ့အဖွဲ့အစည်းကို အရိပ်သန်းစေရမည်။ ဇာတ်ဆောင်များသည် အခြေခံလူတန်းစားနှင့် ယင်းလူတန်းစား မဟာမိတ်လွှာများကို ကိုယ်စားပြုရမည်။" (မင်းကျော်၊ ၁၉၆၇)
နတ်နွယ်
နတ်နွယ်က သူ၏ စာပေအမြင်ကို ၁၃၂၉၊ နတ်တော်လဆန်း (၁)၊ ၂၀ ရာစု မြန်မာစာပေသမိုင်း မှတ်တိုင်သစ်တွင် အောက်ပါအတိုင်း တင်ပြခဲ့ပါသည်။
“ဦးတည်ချက်နှင့် ပုံသဏ္ဌာန်မှန်ကန်သော စာပေလှုပ်ရှားမှုဟူသည်မှာ အထူးအထွေ မဟုတ်ပါချေ။ ပြည်သူလူထု၏ လှုပ်ရှားမှု၊ တစ်မျိုးသားလုံး နိုးကြားထကြွမှုတို့နှင့် အံ၀င်ခွင်ကျသော အကျိုးဖြစ်ထွန်းသော စာပေလှုပ်ရှားမှုကို ဆိုလိုသည်။” (နတ်နွယ်၊ ၁၉၆၇)
“အရေးအကြီးဆုံးမှာ ပြည်သူလူထု၏ လှုပ်ရှားမှုနှင့် တစ်သားတည်းရှိနေဖို့ဖြစ်သည်။ ပြည်သူလူထု၏လှုပ်ရှားမှုသည် ပဒေသရာဇ်ဆန့်ကျင်ရေး ဖြစ်ချေသည်လား။ ဖက်ဆစ်ဆန့်ကျင်ရေး ဖြစ်ချေသည်လား။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ဖြစ်ချေသည်လား။ သို့မဟုတ် ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေး ဖြစ်ချေသည်လားဟု သိရမည်။ သို့မှသာလျှင် စာပေ၏ ဦးတည်ချက်သည် မှန်ကန်မည်ဖြစ်ပေသည်။ အချုပ်ပြောရရင် စာပေသည် ပြည်သူ့လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ရပ်သာဖြစ်သည်။ ပြည်သူတို့၏ တိုက်ပွဲပုံသဏ္ဌာန်တစ်ရပ်သာ ဖြစ်ပါသည်။” (နတ်နွယ်၊ ၁၉၆၇)
ဟူသော ဆွေးနွေးတင်ပြချက်ကို တွေ့ရသည်။
သခင်မြသန်း
သခင်မြသန်း၏ ပြည်သူ့စာပေအယူအဆတင်ပြချက်ကို အောက်ပါအတိုင်းတွေ့ရသည်။
"ပြည်သူ့စာပေ၊ ဆိုရှယ်လစ်စာပေဆိုသည်မှာ လူတန်းစားအတွေးအခေါ်မပါဘဲ ပေါ်ထွန်းလာနိုင်သောအရာ မဟုတ်ချေ။ ဤအခြေခံနှင့် ကင်းလွတ်နေလျှင် စိတ်ကူးယဥ်စာပေသာ ဖြစ်ပေမည်။" (မြသန်း၊ ၁၉၆၇)
ဆိုရှယ်လစ်သရုပ်ဖော်စာပေကို တင်ပြရာတွင်-
"ဆိုရှယ်လစ်သရုပ်ဖော်စာပေ၏ ရည်ရွယ်ချက်သည် ဘ၀ကိုရှိနေသည့်အတိုင်း သရုပ်ဖော်တင်ပြရုံသာ မဟုတ်ဘဲ ဘ၀တိုက်ပွဲကို ရှေ့သို့ ညွှန်ပြရပေမည်။ လူတန်းစားတိုက်ပွဲတွင် အလုပ်သမားလူတန်းစား၏ အရည်အသွေးကို ထက်မြက်စေရန်နှင့် အောင်ပွဲဆီသို့ ရှေ့ဆောင်ခေါ်ယူသွားရန် ဖြစ်ပေသည်။ စာပေသည် ဘ၀ကို ရှုကြည့် "ကြည့်မှန်" သက်သက်သာဆိုလျှင် ထက်မြက်သောလက်နက် ဖြစ်လာနိုင်မည် မဟုတ်ပေ။" (မြသန်း၊ ၁၉၆၇)
ဟု တင်ပြသည်။
မောင်စွမ်းရည်
"စာပေကို ကြီးကျယ်မြင့်မြတ်သောကိစ္စတွင် သုံးရမည်ဖြစ်ရာ လူအများစုကို အကျိုးပြုသည့် မြင့်မြတ်သည်ဟုယူဆ၍ စာပေကို လူများစုဖြစ်သော အလုပ်သမား၊ တောင်သူလယ်သမားတို့အတွက် အသုံးချရလိမ့်မည်။"
"ပြည်သူ့စာပေသည် လူတန်းစားရန်သူဖြစ်သော မြေရှင်အရင်းရှင် လူတန်းစားကို တိုက်ဖျက်ပစ်ရမည်။ ထိုတိုက်ပွဲတွင် ပါ၀င်ရမည်။ ထောက်ခံအားပေးရမည်။ လမ်းညွှန်ရှေ့ဆောင်ရမည်။ ဤကဲ့သို့သောစာပေမျိုးကို ပြည်သူ့စာပေဟု ခေါ်ချင်သည်။"
"ပြည်သူ့စာပေဆိုသည်မှာ တောင်သူလယ်သမား၊ အလုပ်သမား စသော အဖိနှိပ်ခံ ပြည်သူလူထုတို့၏ လူတန်းစားလွတ်မြောက်ရေးတိုက်ပွဲကို အားပေးသောစာ" (စွမ်းရည်၊ ၁၉၇၃)
ဟူ၍ တင်ပြပြီး ပြည်သူ့စာပေကို ရေးသားရန် တိုက်တွန်းခဲ့သည်ကို တွေ့ရသည်။
မောင်သာရ
မောင်သာရက စာပေသည် ပြည်သူ့အတွက်၊ ပြည်သူကိုအကျိုးပြုရေးဟူသော စာပေအမြင်ကို ထောက်ခံပြီး-
"၀တ္ထုတစ်ပုဒ်မှာ ရည်ရွယ်ချက်က အဓိကပဲ"
"ရည်ရွယ်ချက်က ပြည်သူ့အမြင်၊ ပြည်သူရဲ့ အကျိုးစီးပွားအတွက် အထောက်အကူပြုနိုင်တဲ့ ရည်ရွယ်ချက်မျိုးသာ ဖြစ်ရမယ်"
"သရုပ်မှန်စာပေဆိုတာ ဘက်ရှိတယ်။ ဘက်လိုက်တယ်။ တကယ်တမ်းပြောရရင် စာရေးဆရာဆိုတာလဲ ဘက်လိုက်တာပါပဲ"
"စာရေးဆရာဆိုတာ မည်သည့်အခါမဆို ဆင်းရဲတဲ့ဘက်၊ အဖိနှိပ်ခံရတဲ့ဘက်၊ အနှိပ်စက်အညှင်းပမ်းခံရတဲ့ဘက်က အမြဲတမ်းနေတယ်။ စာရေးဆရာဆိုတာ မည်သည့်အခါမျှ လူနည်းစုဘက်ကမနေ။ များသည့်ပြည်သူ့ဘက်၊ လူထုဘက်ကနေတယ်" (သာရ၊ ၁၉၉၀)
ဟူ၍ "၀တ္ထုတိုသစ်"တွင် သူ၏ လူတန်းစားဘက်လိုက်သော စာပေအမြင်ကို တင်ပြသည်။
"စာပေသည်၀ါဒဖြန့်ခြင်း"ကိစ္စနှင့် ပတ်သက်၍လည်း အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ "စာပေစာတမ်းများ"ပါ မောင်စွမ်းရည်၏ တင်ပြချက်ကို အောက်ပါအတိုင်း တွေ့ရပါသည်။
"ဆိုရှယ်လစ်စာပေသမားများသည် လူတန်းစားတိုက်ပွဲမှာ အဖိနှိပ် အချယ်လှယ်ခံ အလုပ်သမားလူတန်းစား အများစုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပြီး အမြဲသတိရှိရှိနဲ့ လူတန်းစားတိုက်ပွဲကို ထင်ဟပ်ရမယ်။ စာပေဟာ လူတန်းစားဘက်လိုက်မှုရှိရမယ်။ အလုပ်သမား၊ လယ်သမားဘက်က လိုက်ရမယ်။ ဘက်မလိုက်ရဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဘက်မလိုက်တဲ့စာရယ်လို့ မရှိဘူး။ စာပေဟာ ၀ါဒဖြန့်ရမယ်။ အလုပ်သမား၀ါဒကို ဖြန့်ရမယ်။ လမ်းညွှန်ရမယ်။ အားပေးရှေ့ဆောင်ရမယ်။ ဒါဟာ ဆိုရှယ်လစ်စာပေသမားရဲ့ အဓိကတာ၀န်ပဲ။" (စွမ်းရည်၊ ၁၉၆၇)
ဤသို့ဖြင့် ပြည်သူ့စာပေလမ်းကြောင်း အားကောင်းသည့်ကာလက ခေတ်ပြိုင်စာရေးဆရာများ တင်ပြသော ပြည်သူ့စာပေဆိုင်ရာ သဘောသဘာ၀၊ တစ်ဦးချင်း၏ စာပေအမြင်၊ စာပေအယူအဆတို့ကို တွေ့ရပါသည်။ ၎င်းတို့ကို အနှစ်ချုပ်ကြည့်သော်၊
ပြည်သူ့စာပေသည်-
၁။ လူတန်းစားဘက်လိုက်သော စာပေဖြစ်သည်။ ဘက်လိုက်သော လူတန်းစားမှာ အလုပ်သမား၊ လယ်သမားစသည့် ဆင်းရဲသားလုပ်သားပြည်သူများဖြစ်သည်။
၂။ အရင်းရှင်လူတန်းစား တိုက်ဖျက်ရေးနှင့် အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေးတွင် အသုံးပြုသည့် တိုက်ပွဲလက်နက်ဖြစ်သည်။
၃။ ၀ါဒဖြန့်သည့်စာဖြစ်သည်။
ဟူသော အချက် ၃ ချက်ကို အကြမ်းအားဖြင့် တွေ့မြင်သုံးသပ်ရပါသည်။
ထိုပြည်သူ့စာပေ၏သဘော၊ အယူအဆကို လက်ကိုင်ထားပြီး မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာအမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကို နှိုးဆော်သည့် စာများစွာ ရှိခဲ့ပါသည်။ ပြည်သူ့စာပေ အယူအဆဟု မကြွေးကြော်စေကာမူ ပြည်သူအကျိုးပြု သရုပ်ဖော်၊ သရုပ်မှန်စာပေများကို ရေးသားပြုစုခဲ့သည်များလည်းရှိပါသည်။ ထင်ရှားသည့် စာများအနေနှင့် မောင်ထင်၏ "ငဘ" (၁၉၄၇)၊ မင်းအောင်၏ "မိုးအောက်မြေပြင်" (၁၉၄၈)၊ ကြယ်နီ၏ "ကိုတံငါ၀တ္ထုတိုများ"၊ နတ်နွယ်၏ "မြန်မာပြည်မြောက်ပိုင်း" (၁၉၆၇)၊ မောင်နေ၀င်း၏ "ရေရိုင်းမြေရိုင်း" (၁၉၆၈)၊ ငွေလင်း၏ "ပင်းမြို့သူ" (၁၉၆၅) စသည်ဖြင့် တွေ့နိုင်ပါသည်။
(မြန်မာနိုင်ငံစာပေဆုရ၀တ္ထုများ၊ ကဗျာများကို ဆင်ခြင်ကြည့်လျှင် မြန်မာပြည်၏ ပြည်သူ့စာပေလမ်းကြောင်း မည်မျှအားကောင်းခဲ့ကြောင်း၊ ပြည်သူ့သရုပ်ဖော်စာပေ မည်မျှဖြစ်ထွန်းအောင်မြင်ခဲ့ကြောင်းကို အကြမ်းအားဖြင့် သုံးသပ်နိုင်မည်ဖြစ်ပါသည်။ ယင်းကို နောက်ဆက်တွဲဇယား(ခ)တွင် ကြည့်နိုင်ပါသည်။)
ကျမ်းကိုး
ငွေဥဒေါင်း။ (၁၉၆၇)။ မြန်မာစာပေရေစီးကြောင်း။ ရန်ကုန်မြို့၊ အာရုံဦးစာပေ။
စွမ်းရည်၊ မောင်။ (၁၉၇၃)။ ရှေ့တစ်ခေါ်မျှော်ကြည့်-နောက်တလံပြန်ကြည့်။ ဂယက်။ ရန်ကုန်၊ အားမာန်စာပေ။
နေ၀င်း၊ မောင်။ (၁၉၆၇)။ စာပေနှင့်လူမှုရေးဆောင်းပါး။ ၁၃၂၉၊ နတ်တော်လဆန်း ၁။ ၂၀ ရာစုမြန်မာစာပေသမိုင်းမှတ်တိုင်သစ်။ ရန်ကုန်မြို့၊ ပုဂံစာအုပ်တိုက်။
နတ်နွယ်။ (၁၉၆၇)။ မြန်မာနိုင်ငံစာပေလှုပ်ရှားမှုနှင့် အဖွဲ့အစည်းကဏ္ဍ။ ၁၃၂၉၊ နတ်တော်လဆန်း ၁။ ၂၀ရာစုမြန်မာစာပေသမိုင်းမှတ်တိုင်သစ်။ ရန်ကုန်မြို့၊ ပုဂံစာအုပ်တိုက်။
မင်းကျော်။ (၁၉၇၅)။ မြန်မာနိုင်ငံဘာသာစကားဖွဲ့စည်းပုံနှင့် ခေတ်သစ်စာပေတိုးတက်ဖြစ်လာပုံ။ လျှပ်တပြက်ဂျပန်။ ရန်ကုန်မြို့၊ အညတြစာပေ။
မြင့်ရီ။ (၂၀၀၈)။ ပြည်သူ့စာပေ၏သဘောသဘာ၀။ ပါရဂူဘွဲ့ကြိုသင်တန်း၊ ရန်ကုန်တက္ကသိုလ်။
သာရ၊ မောင်။ (၁၉၉၀)။ မောင်သာရ၏စာပေအမြင်။ ရန်ကုန်မြို့၊ ယောမင်းကြီးစာပေ။
သိန်းဖေမြင့်။ (၁၉၆၂)။ စာပေညီလာခံနိဂုံးချုပ်မိန့်ခွန်း။ ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေတွင် ကျင်းပခဲ့သော အမျိုးသားစာပေညီလာခံ၏ ဆွေးနွေးချက်များ။ ရန်ကုန်မြို့၊ အစိုးရယဥ်ကျေးမှုဌာန။
သိန်းဖေမြင့်။ (၁၉၇၃)။ တိုက်ပွဲ၀င်စာများ။ ရန်ကုန်မြို့၊ ဗမာ့ခေတ်စာပေ။
သိန်းဖေမြင့်။ (၁၉၈၁)။ စာပေဘ၀ဇာတ်လမ်းစုံ (၃)။ ရန်ကုန်မြို့၊ စံပယ်ဦးစာပေ။
နောက်ဆက်တွဲဇယား (က)ကို မမြင့်ရီ၏ "ပြည်သူစာပေ၏သဘောသဘာ၀"လေ့လာချက်စာတမ်းမှ ကိုးကားပါသည်။
နောက်ဆက်တွဲဇယား (ခ)ကို မမြင့်ရီ၏ "မြန်မာနိုင်ငံစာပေဆုနှင့် စာပေအယူအဆ" လေ့လာချက်စာတမ်းမှ ကိုးကားပါသည်။
________________________________________________
စင်စစ် မြန်မာပြည် ပြည်သူ့စာပေ၏ သဘောသဘာ၀/အယူအဆ၊ ပြည်သူ့စာပေလမ်းကြောင်း၏ ပေါ်ပေါက်လာပုံ/ဖြစ်ထွန်းလာပုံတို့နှင့် စပ်လျဥ်းပြီး ချက်ကျလက်ကျ လေ့လာထားတဲ့ စာရွက်စာတမ်း၊ ကျမ်းတွေက ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှာ အလုံအလောက်ရှိနေပြီလို့ ပြောလို့ရတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒါကြောင့် ကျွန်မမဟာဘွဲ့ယူကျမ်းကိုလုပ်တဲ့အခါ အခုချိန်ထိမရှိသေးတဲ့ ၁၉၇၀ တစ်၀ိုက် (တစ်နည်း) ၁၉၇၀ တစ်၀ိုက်မှာ စတင်ခဲ့တယ်လို့ ယူဆရတဲ့ မြန်မာမော်ဒန်ကဗျာလမ်းကြောင်း တည်လာတဲ့အပိုင်းကိုပဲ အသားပေးပြီး လေ့လာဖြစ်ခဲ့တာမျိုးပါ။ ဒါဟာ ဌာနအနေနဲ့ မှတ်တမ်းမှတ်ရာသဘော၊ စာသင်သားတွေအနေနဲ့ အကိုးအကားသဘောမျိုး ဖြစ်စေလိုတဲ့ စေတနာတစ်ခုတည်းကြောင့်ပဲ လုပ်ဖြစ်တာမျိုးဖြစ်ပါတယ်။ ဘယ်သူကမှ မဖတ်ဘူးဆိုလည်း ကျွန်မအတွက် ဘာပြဿနာမှ မရှိပါဘူး။ ကျွန်မကျမ်းပြုတဲ့အချိန်မှာ ကျွန်မဆရာတွေက ဘာသင်ပေးသလဲဆိုတော့ သုတေသနဆိုတာက တစ်ယောက်ပခုံးပေါ် တစ်ယောက်ကနင်းပြီး တက်သွားတာမျိုးပဲတဲ့။ ဆိုလိုတာက ကိုယ်ကလည်း ရှိနှင့်ပြီးသားအဟောင်းတွေကို အကိုးအကားပြုပြီး၊ မှတ်တမ်းမှတ်ရာတွေယူပြီး၊ နောက်ထပ်လေ့လာမှုအသစ်တွေကို လုပ်ခဲ့သလိုမျိုး တစ်ချိန်မှာ အခြားလူတစ်ယောက်ယောက်ကလည်း ပိုမြင့်တဲ့ဆီကို ကိုယ့်အချက်အလက်တွေကိုနင်းပြီး တက်သွားတာမျိုးပဲပေါ့။ ဆိုတော့ လေ့လာမှုတွေက တစ်ဆင့်ထက်တစ်ဆင့် မြင့်သွားမှာမျိုး၊ အမြင်တွေပြောင်းသွားမှာမျိုး၊ ခေတ်မီနေမှာမျိုးဖြစ်တဲ့အတွက် Academic နယ်ပယ်မှာတော့ နောက်ထပ်လေ့လာမှုအသစ်တွေကို ကြိုဆိုကြတဲ့သဘောရှိပါတယ်။ ကိုယ်ကအသစ်ကိုလုပ်လိုက်လို့ အဟောင်းကိုစော်ကားတယ်ဆိုတာမျိုးကတော့ ပုဂ္ဂလဆန်တဲ့ အတ္တ၊ အမြင်၊ အယူအဆတွေကနေလာတယ်လို့ပဲ မြင်မိပါတယ်။ ပြည်သူ့စာပေနဲ့ပတ်သက်ပြီး ဆက်ပြောရရင် ဒီမှတ်စုနဲ့ မလုံလောက်နိုင်တာ အသေအချာပါပဲ။ လက်၀ဲ/ဆိုရှယ်လစ်/ဆိုရှယ်လစ်သရုပ်မှန်/ပြည်သူ/တော်လှန်စာပေဆိုတာတွေက မြန်မာပြည်မှာ တကယ်ဖြစ်ခဲ့တယ်။ တကယ်ရှိခဲ့တယ်။ တကယ်အားကောင်းခဲ့တယ်။ သြဇာကြီးမားလို့လည်း ဒီနေ့ဒီအချိန်ထိ ပြောနေကြရတာမျိုးပဲ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်မအနေနဲ့ ပြည်သူ့စာပေလမ်းကြောင်းရဲ့ လာရာနဲ့လားရာအပေါ် ရှုံ့ချလိုစိတ်မျိုး၊ လှောင်ပြောင်နေတာမျိုး အလျဥ်းမရှိဘဲ သုတေသနအမြင်နဲ့ ဆက်လက်ပြောသွားတာမျိုး၊ ဆက်လက် လေ့လာဖြစ်သွားတာမျိုးပဲ ရှိပါတယ်။ ပညာရပ်သဘောသွားထားတဲ့ ကျွန်မရဲ့မှတ်စုတွေနဲ့ပတ်သက်ပြီး ဖတ်၊ မဖတ်ကတော့ တစ်ပါးသူရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။
နိုရာ၀င်း
၂၀၂၁ နို၀င်ဘာ ၉
Comments
Post a Comment