၁၉၆၈-၁၉၆၉၊ မြဇင် - “ခေတ်ပေါ်ကဗျာ”ကြေညာစာတမ်း
|၁၉၆၈-၁၉၆၉၊ မြဇင် - “ခေတ်ပေါ်ကဗျာ”ကြေညာစာတမ်း|
မြန်မာကဗျာသမိုင်းတွင် “ခေတ်ပေါ်ကဗျာ” စတင်ပေါ်လာသည့် ကဗျာလမ်းကြောင်းကို အစကောက်လိုလျှင် ဆရာမြဇင်၏ “ခေတ်ပေါ်ကဗျာ”ကြေညာစာတမ်းကို လေ့လာခြင်းဖြင့် စတင်ရပါသည်။ ထိုကဗျာစာတမ်းသည် သပြေညိုကဗျာဝပ်ရှော့မှ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြပြီး ဖြစ်ပါသည်။ ထိုကဗျာဝပ်ရှော့/ကဗျာအလုပ်စခန်းတွင် ပါဝင်လေ့လာသူများမှာ ဆရာမင်းသုဝဏ်၊ ဆရာတင်မိုး၊ ဆရာမြဇင်၊ ဆရာမောင်သာနိုး၊ ဆရာမင်းလှညွန့်ကြူး အစရှိသော ကဗျာဆရာများနှင့် ကဗျာမှုစာမှုတွင် စိတ်ဝင်စားကြသူများဖြစ်ကြောင်း သိရပါသည်။ ကဗျာအလုပ်စခန်း၌ လေ့လာဆွေးနွေးသည့် အကြောင်းအရာများမှာ ဥရောပကဗျာရေစီးကြောင်း၊ ဥရောပခေတ်ပေါ်ကဗျာ၊ ဆိုရှယ်လစ်ကဗျာ၊ အရင်းရှင်ကဗျာ၊ သခင်ကိုယ်တော်မှိုင်း၏ လေးချိုးကြီးများ၊ ခေတ်စမ်းကဗျာ၊ ဗမာကျောင်းသင်ကဗျာ စသည့် ကဗျာဆိုင်ရာအကြောင်းအရာများဖြစ်ကြောင်းလည်း သိရပါသည်။
ထိုသပြေညိုကဗျာဝပ်ရှော့မှ ထွက်ပေါ်လာသော ဆရာမြဇင်၏ “ခေတ်ပေါ်ကဗျာ” ကြေညာစာတမ်း (၁၉၆၈ ခုနှစ်၊ စာဆိုတော်နေ့အခမ်းအနား၊ မန္တလေးဓမ္မဗိမာန်တွင် ဦးစွာဖတ်)ကို ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများတွင် ပုံနှိပ်ဖော်ပြပါသည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းထုတ် “ကဗျာအကြောင်းစာအကြောင်း”စာအုပ် (၁၉၆၉ ခု၊ ဇွန်လ)တွင်လည်း ဖော်ပြပါရှိခဲ့ပါသည်။
ဆရာမြဇင်၏ “ခေတ်ပေါ်ကဗျာ”စာတမ်းတွင် “ခေတ်ပေါ်အာရုံခံစားမှု”အကြောင်းနှင့် စပ်လျဉ်း၍-
ခေတ်၏အာရုံခံစားနိုင်စွမ်းရည်ကို ဝန်းကျင်က ပြုပြင်စီရင်လေသည်။ နိုင်ငံရေးတိုးတက်မှု၊ စီးပွားရေးအဆောက်အအုံ၊ လူမှုဆက်ဆံရေးပုံသဏ္ဌာန်၊ ယဉ်ကျေးမှု၊ စက်မှုပညာထွန်းကားမှု၊ ကမ္ဘာ့အဖြစ်အပျက်များတို့က ဝန်းကျင်ကို ဖန်တီးသတ်မှတ်သောကြောင့် ခေတ်ပေါ်အာရုံခံစားပုံကို သိလိုလျှင် ထိုအခြင်း အရာများကို လေ့လာရပေမည်။ (မြဇင်၊ ၂၀၁၇၊ စာ ၁)
မြို့ပြလူမှုပုံစံနှင့် ကျေးလက်လူမှုပုံစံတို့သည် ကွဲပြားခြားနားကြောင်း အများသိပြီးဖြစ်သည်။ မြို့များကြီးထွား၍ မြို့နေလူဦးရေ တိုးသည်နှင့်အမျှ မြို့လူမှုစနစ်နှင့်လူမှုပုံစံ၊ မြို့ယဉ်ကျေးမှုနှင့်မြို့ခံစားမှုသည်လည်း ပျံ့နှံ့မည်သာဖြစ်သည်။ ကဗျာဆရာများသည်လည်း မြို့၏အကြောင်းအရာ၊ မြို့၏ခံစားမှု၊ မြို့၏အရသာ၊ မြို့၏အတွေးအခေါ်အလေ့အထတို့ကို မြို့ဆန်ဆန် ပိုမိုဖော်ကျူးသည် သာ ဖြစ်ပေသည်။ (မြဇင်၊ ၂၀၁၇၊ စာ ၆)
ဟု ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရပါသည်။
ဆရာမြဇင်ဆိုလိုချင်သည်မှာ ကဗျာတွင် အရိုးခံကျေးလက်အာရုံခံစားမှုကို ထည့်သွင်းဖော်ပြနေရုံနှင့် မလုံလောက်တော့ပေ။ ထွေပြားလာသော ခေတ်၏ အာရုံများအရ ကဗျာနှင့် ကဗျာဆရာသည် အထွေထွေအပြားပြားရှိသော မြို့ပြအာရုံခံစားမှုကို ဆောင်ကြဉ်းပေးရမည်။ အဆိုပါ ထွေပြားလာသော မြို့ပြအာရုံများ (နိုင်ငံရေးတိုးတက်မှု၊ စီးပွားရေးနယ်ပယ် အပြောင်းအလဲ၊ လူမှုအဆင့်အပြောင်းအလဲ၊ ယဉ်ကျေးမှုအကျယ်အပြန့်၊ စက်မှုထွန်းကားမှု၊ ကမ္ဘာ့အဖြစ်အပျက်များ)သည် ဆရာမြဇင် ဆိုလိုချင်သော ခေတ်ပေါ်အာရုံခံစားမှုပင် ဖြစ်သည်ဟု သဘောပေါက်မိပါသည်။ ထိုဆရာမြဇင်၏ “ခေတ်ပေါ်အာရုံခံစားမှု” အယူအဆသည် မြန်မာကဗျာလောကတွင် ဝေဖန်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ကာ အလွန် ဂယက်ရိုက်ခဲ့သည်ကို တွေ့ရပါ သည်။ “အနုပညာသည် ပြည်သူ့အတွက်” ကဗျာရေစီးတွင် ရှင်သန်ရေးဖွဲ့နေကြသော ကဗျာဆရာအချို့က ဆရာမြဇင်၏ "ကျေးလက်အာရုံခံစားမှုကိုပယ်ပြီး ထွေပြားလာသော မြို့ပြအာရုံခံစားမှုကို ဖော်ကျူးရန်"ဟု ဆိုလာသည့် ကဗျာအယူအဆသစ်အတွက် အမှားအယွင်းတစ်ခုကဲ့သို့ ဝေဖန်ခဲ့ကြသည်။ မြန်မာ့လူဦးရေသည် ကျေးလက်တွင် အများအပြားရှိပြီး၊ လက်သမား၊ လယ်သမား ကိုယ်စားပြုနိုင်ငံ ဖြစ်သောကြောင့် ကျေးလက်လူထုကို ပယ်ပြီး မြို့ပြလူထု/မြို့ပြခံစားမှု/မြို့ပြအကြောင်းအရာများကို အာရုံခံစားရေးဖွဲ့ရန်မှာ မဖြစ်နိုင်သကဲ့သို့ ဝေဖန်တိုက်ခိုက်ခဲ့ကြသည်ကို တွေ့ရပါသည်။
ဆရာမြဇင်တင်သွင်းလာသော “ခေတ်ပေါ်အာရုံခံစားမှု”နှင့်ပတ်သက်ပြီး ဝေဖန်မှုများ ပြင်းထန်သကဲ့သို့ စာတမ်း၏ ဒုတိယအပိုင်းဖြစ်သည့် ကဗျာအသစ်ရေးဖွဲ့ရန် နည်းနာများ လမ်းညွှန်ဖော်ပြခြင်းနှင့်ပတ်သက်၍လည်း မြန်မာကဗျာလောကတွင် အလွန်ဆူညံပွက်လောရိုက်ခဲ့သည်ကို တွေ့ရပါသည်။
ဆရာမြဇင်သည် “ခေတ်ကို ကိုယ်စားပြုသော ခေတ်ပေါ်ကဗျာ”ဟုဆိုပြီး “ခေတ်ပေါ် ကဗျာ”ဟူသည့် ဝေါဟာရသစ်တစ်မျိုးကို မြန်မာကဗျာသမိုင်းတွင် ပထမဦးဆုံး ဖော်ပြသုံးစွဲသည်ကို တွေ့ရသည်။ ထိုခေတ်ပေါ်ကဗျာကို နားလည်နိုင်ရန်အတွက် ခေတ်ပေါ်ကဗျာ လက္ခဏာရပ်များအဖြစ် အောက်ပါအချက်(၆)ချက်ကို ဖော်ပြရှင်းလင်းတင်ပြခဲ့ပါသည်။
ခေတ်ပေါ်အာရုံခံစားပုံမှ ပေါ်ပေါက်လာသော ခေတ်ပေါ်ကဗျာတွင် လက္ခဏာများရှိသည်။
(က) ခေတ်ပေါ်ကဗျာသည် ထွေပြား၏။ ရိုးရိုးစင်းစင်း မဟုတ်ပေ။
(ခ) ခေတ်ပေါ်ကဗျာသည် သိပ်သည်း၏။ ကျဲတဲတဲ မဟုတ်ပေ။
(ဂ) ခေတ်ပေါ်ကဗျာသည် ကျယ်ဝန်းစွာ လွှမ်းခြုံ၏၊ မကျဉ်းမြောင်းပေ။
(ဃ) ခေတ်ပေါ်ကဗျာသည် ရိပ်ကာဝဲကာ ပြောသည်၊ တိုက်ရိုက်မပြောပေ။
(င) ခေတ်ပေါ်ကဗျာသည် ဧကန်တရားသဘောကို ဆောင်သည်။ တမင်ပြုလုပ်အပ်သော တရားသဘောကို မဆောင်ပေ။
(စ) ခေတ်ပေါ်ကဗျာသည် အကွက်သဘောကို ဆောင်သည်။ မျဉ်းသဘောကို မဆောင်ပေ။ (မြဇင်၊ ၂၀၁၇၊ စာ ၈)
ဟု ဖော်ပြသည်။
ထိုအချက် (၆)ချက်၏ သဘောတရားကို လိုရင်းဖော်ပြရသော်-
-မြို့ပြအာရုံများသည် အသွယ်သွယ်အဝ၀နှင့် ထွေပြားသည်။ ......ခေတ်သရုပ်ကို မှန်ကန်အောင် ရေးသားဖွဲ့ဆိုလိုသော ခေတ်ပေါ်ကဗျာဆရာသည် ထွေပြားရာကို ထွေပြားသလို အမျိုးမျိုးအဖုံဖုံရှိရာကို အမျိုးမျိုးအဖုံဖုံရှိသည့် အတိုင်း ဖော်ကျူးရပေတော့မည်။ (မြဇင်၊ ၂၀၁၇၊ စာ ၈-၉)
-ခေတ်ပေါ်ကဗျာဆရာသည် ခံစားချက်တို့ကို ကဗျာ၏မျက်နှာပြင်၌ ပေါလောမျောမနေစေဘဲ အနုပညာဝေဒနာများဖြစ်အောင် ဖန်တီးရလေသည်။ တွေးခေါ်ချက်တို့ကို အတွေးပညတ်ဘဝ၌သာ တည်မနေစေဘဲ ကဗျာ့အမှန်တရားဖြစ်အောင် ပြုစုရလေသည်။ ဝေဒနာကို ပညာက ထောက်ပံ့ရသည်။ ဤ သဘောတရားများကြောင့် ခေတ်ပေါ်ကဗျာသည် သိပ်သည်းသော လက္ခဏာကို ဆောင်လေသည်။ (မြဇင်၊ ၂၀၁၇၊ စာ ၉-၁၀)
-ခေတ်ပေါ်ကဗျာသည် များပြားသော အဓိပ္ပာယ်အနက်အလွှာများတွင် လှုပ်ရှားသည်။ ......အနက်အဓိပ္ပာယ် အကွက်ပုံစံတို့သည် တစ်ဆင့်ပြီးတစ်ဆင့် ပေါ်ထွက်တတ်သည်။ ခေတ်ပေါ်ကဗျာသည် ဤကဲ့သို့ အလွှာလွှာသော အနက်များကို ဆောင်သည့်အပြင် တစ်ပုဒ်တည်းတွင် အမျိုးမျိုးသော ခံစားမှုနယ်၊ အတွေးနယ်၊ ပညာနယ်တို့မှ အခြင်းအရာများကို ခြုံလွှမ်းထားတတ်သည်။ ဤသဘောများကြောင့် ခေတ်ပေါ်ကဗျာသည် ကျယ်ပြန့်သော လက္ခဏာကို ဆောင်လေသည်။ (မြဇင်၊ ၂၀၁၇၊ စာ ၁၀)
-ခေတ်ပေါ်ကဗျာသည် ဆိုလိုရာကို တိုက်ရိုက်ဆိုခဲလေသည်။ တိုက်ရိုက်ဖွဲ့ဆိုခြင်းအစား အရိပ်မျှသာပြောဆိုခြင်း၊ ရိပ်ကာသီကာ တင်ပြခြင်းနည်းတို့ကို အသုံးပြုသည်။ (မြဇင်၊ ၂၀၁၇၊ စာ ၁၀)
-ခေတ်ပေါ်ကဗျာသည် မလွှဲမရှောင်သာသော ဧကန်တရားသဘောကို ဆောင်သည်။ ကဗျာဟူသည် ကဗျာဆရာက ပြုလုပ်ဖန်တီးထားသော အရာဖြစ် သည်။ သို့သော် ဧကန်တရားသဘောကိုဆောင်သော ကဗျာသည် သူ့သဘောကို သူဆောင်၍ လိုရာသို့ ဆိုက်ရောက်သည့်သတ္တိရှိသည်။ (မြဇင်၊ ၂၀၁၇၊ စာ ၁၁)
-ကဗျာ၏စွမ်းအင်သည် နိမိတ်ပုံတို့၏ ဆက်နွှယ်မှုပုံစံ၊ ဝေဒနာနှင့်ပညာတို့ အချင်းချင်း ထောက်ပံ့မှုအင်အားတို့တွင် ရှိသည်။ ရုပ်နာမ်လောကကို စိတ်ဖြင့် အာရုံခံ၍ အဓိပ္ပာယ်ဖွဲ့ဆိုရာတွင် မျဉ်းကြောင်းတစ်လျှောက် ဖွဲ့သည်မဟုတ်ပေ။ စု၍ပြုံ၍ စက်ကွင်းသဘော၊ အကွက်သဘောအရ ဖွဲ့ခြင်းဖြစ်သည်။ (မြဇင်၊ ၂၀၁၇၊ စာ ၁၃)
ဟု တွေ့ရသည်။
ဆရာမြဇင် တင်ပြသော အထက်ပါအချက်(၆)ချက်သည် ခေတ်ပေါ်ကဗျာ၏ လက္ခဏာဟု ဆိုသကဲ့သို့ ခေတ်ပေါ်ကဗျာရေးဖွဲ့သည့် နည်းဗေဒအချို့ ဖြစ်နေသည်ကိုလည်း တွေ့ရပါသည်။
အစဉ်အလာမြန်မာကဗျာမှ လမ်းခွဲထွက်နိုင်ရန်၊ ကဗျာအဟောင်းမှ ကဗျာအသစ် ဖြစ်ပေါ် လာရန် ကြိုးပမ်းအားထုတ်ရာ၌ ဆရာမြဇင်သည် ကဗျာအတတ်ပညာပိုင်းကို ဦးစားပေး တင်ပြသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ခေတ်ပေါ်ကဗျာဟု ခေါ်ဝေါ်သုံးစွဲသည့် မြန်မာကဗျာအသစ်၏ လက္ခဏာရပ်များကို ဖော်ပြလမ်းညွှန်ပြီးနောက် မြန်မာကဗျာ၌ ကာရန်ကို စွန့်လွှတ်လိုက်လျှင် ကာရန်အစား အသုံးပြုရမည့် ရစ်သမ်အကြောင်းကို လမ်းညွှန်မှုပေးခဲ့သည်။ အစဉ်အလာ သုံးစွဲလာကြသော နိမိတ်ပုံအတတ်ပညာကို သရုပ်ဖော်ရုံ သက်သက်မျှ မသုံးဘဲ ထက်မြက်သော အာနိသင်ပါရှိသည့် ကဗျာဆရာ၏ ဝေဒနာနှင့်ပညာ တွဲစပ်ထားသော ကဗျာပစ္စည်းတစ်ခုအဖြစ် အသုံးပြုရန် လှုံ့ဆော်ခဲ့ပါသည်။
ဆရာမြဇင်၏ အလိုအရ-
ခေတ်ပေါ်ကဗျာသည် ခေတ်ပေါ်ခံစားပုံကို တင်ပြနိုင်ရန် ခေတ်နှင့်ဆီလျော်သော၊ ဆန်းသစ်သော ပုံစံများကို ရှာဖွေလိမ့်မည်။.......ကဗျာစပ်ရာတွင် နရီကို လေ့လာသုံးသပ်မည်။ ကာရန်၏ လိုအပ်ချက်တို့တွင် နစ်မွန်းခဲ့ရာမှ နရီ၏ အခြင်းအရာတို့ကို ပို၍ဂရုစိုက်လာမည်။ ခေတ်ပေါ်ကဗျာသည် နေ့စဉ်ပြောဆိုကြ သော စကား၏ နရီနှင့် နီးစပ်အောင် ကြိုးစားမည်။ နေ့စဉ်ပြောစကား၏နရီကို အခြေခံ၍ ကဗျာမြောက်သောနရီကို ဖန်တီးမည်။ ကဗျာသည် စကားပြေဘက်သို့ ရွေ့လျားမည်။ စကားပြေ၌ရှိသော အင်အားများကို ကဗျာအတွက် အသုံးချမည်။ (မြဇင်၊ ၂၀၁၇၊ စာ ၁၃-၁၄)
နိမိတ်ပုံကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုမည်။ နိမိတ်ပုံသည် ကဗျာဆရာ၏ အာဘော်၊ အနက်အဓိပ္ပာယ်ကိုသာလျှင် ဖော်ပြသည်မဟုတ်ဘဲ ကဗျာဆရာ၏ ခံစားချက်ကိုပါ တစ်ပြိုင်တည်းဖော်သည်။ ထို့ကြောင့် နိမိတ်ပုံကို ရှုခင်းရှုကွက် သဘောလောက်သာ အသုံးမပြုဘဲ ဝေဒနာနှင့်ပညာ စပ်တွဲထားသော ကဗျာ့ပစ္စည်းအဖြစ်သုံးမည်။ (မြဇင်၊ ၂၀၁၇၊ စာ ၁၄)
ဟူ၍ တွေ့ရပါသည်။
အချုပ်ဆိုရသော် ဆရာမြဇင်၏ “ခေတ်ပေါ်ကဗျာ”ကြေညာစာတမ်းသည် “ခေတ်ပေါ်ကဗျာ”ဟူသော ဝေါဟာရကို စတင်သတ်မှတ်ဖော်ပြသုံးစွဲသည့် စာတမ်းဖြစ်သည်ကို တွေ့ရပါသည်။ မြန်မာကဗျာအသစ်(ခေတ်ပေါ်ကဗျာ) ပေါ်ထွန်းလာနိုင်ရေးအတွက် ခေတ်ပေါ်ကဗျာ၏ လက္ခဏာများ၊ ကဗျာအတတ်ပညာများကို ပထမဦးဆုံး လမ်းညွှန်ဖော်ပြပေးသည့် စာတမ်းဖြစ်သည်ကိုလည်း တွေ့ရပါသည်။ ခေတ်ပေါ်ကဗျာအတွက် အရေးပါသော “ခေတ်ပေါ်အာရုံခံစားမှု”ကို ရှင်းလင်းဖော်ပြပေးသည့် မြန်မာခေတ်ပေါ်ကဗျာခေတ်ဦး စာတမ်းတစ်စောင်အဖြစ် တွေ့မြင်ရပါသည်။
ကျမ်းကိုး
မြဇင်။ (၂၀၁၇)။ ကဗျာ့နရီနှင့်နိမိတ်ပုံ(တ-ကြိမ်)။ ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ။
နိုရာ၀င်း
၂၀၂၁ နို၀င်ဘာ ၁၀
"၂၀ ရာစု မြန်မာကဗျာ တတိယ အပြောင်းအလဲ" လေ့လာချက်မှ ထုတ်နုတ်။
Comments
Post a Comment