သူရဲကောင်းများ ယီးလေးခိုကုန်သော အနှီစကြ၀ဠာ၌
သူရဲကောင်းများ ယီးလေးခိုကုန်သော အနှီစကြ၀ဠာ၌
ဒီခေါင်းစဥ်အောက်မှာ ဘာအကြောင်းတွေပါလာလိမ့်မလဲ ခင်ဗျားသိချင်နေပြီဆိုကတည်းက ခင်ဗျားမှာ သူရဲကောင်းတစ်ဦးမှမကျန်ရှိတော့လို့ ဒါမှမဟုတ် ခင်ဗျားသူရဲကောင်းလို့ထင်ခဲ့သူတစ်ဦးဟာ ခင်ဗျားမျက်စိရှေ့မှာပဲ ချေးကားတိုက်သွားလို့ စသဖြင့် ခင်ဗျားကြုံတွေ့ခဲ့ရတာကြောင့် ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကျွန်တော့်ရဲ့သူရဲကောင်းဟာ နတ်မြင်းပျံကြီးစီးပြီး သိကြားမင်းကိုသွားတွေ့လိမ့်မယ်။ သိကြားမင်းနဲ့တွေ့တဲ့အခါ ခင်ဗျားဘာလို့ သေးတွေပေါက်ပေါက်ချရတာလဲဗျာ။ ခင်ဗျားမှာ မယားကြီး ၃ယောက်ရှိနေပါလျက်နဲ့ ဘာလို့သူဇာ့ကို မရရအောင်ယူရတာလဲ။ ဘုရားရှင်ရဲ့ဇာတ်တော်တွေထဲက မကောင်းသူပယ်ကောင်းသူကယ်မယ့်ဦးမာဃဟာ တကယ်ပဲခင်ဗျားလား စသဖြင့် ကျွန်တော်သိချင်နေတဲ့ယုံတမ်းတွေကို သူရဲကောင်းကမေးပေးလိမ့်မယ်။ သိကြားမင်းက အပိုဆုအနေနဲ့ လိုရာမေးစေလို့ ထပ်မိန့်တဲ့အခါ ကျုပ်ကတော့ မဟာသင်္ကြန်အကြိုနေ့မှာ ခင်ဗျားကိုကြိုမိပါရဲ့။ ခင်ဗျားကတကယ်ရောလာလို့လား။ တကယ်လို့ခင်ဗျားလာရင်လည်း ကျုပ်တို့ဘယ်လိုတွေ့နိုင်မလဲလို့ ထပ်မေးလိမ့်မယ်။ သူရဲကောင်းဟာ အပြန်ခရီးမှာ အသူရာတို့ပြည်ကိုလည်း ၀င်ချင်၀င်ခဲ့လိမ့်မယ်။ ကိုယ့်ပြည်ကိုယ်မေ့ရတဲ့အထိ အသူရာတွေရဲ့သေရည်သေရက်ဟာ တကယ်ကိုကောင်းတာလား၊ စမ်းကြည့်ဦးမှဟလို့ အတွေးဖြစ်မိမှာသေချာတယ်။ ခင်ဗျားကအရက်သောက်တတ်သူဆိုရင် ခင်ဗျားရဲ့သူရဲကောင်းကလည်း အရက်ကြိုက်တတ်မှာအသေအချာပဲပေါ့။ ကျွန်တော်တို့ဖြစ်ချင်တာတွေအတွက် ကျွန်တော်တို့သူရဲကောင်းတွေက အလှည့်ကျဖြစ်ပေးရတာပဲလေ။ တကယ်တော့ဒါက ကလေးဘ၀ကသူရဲကောင်းပါဗျာ။ ကျွန်တော်အခု အဆောင်ကြီးကြီးတစ်ဆောင်ထဲမှာ စတိုင်ကျကျထိုင်နေတယ်။ အရာရှိတစ်ဦးရဲ့ အဆောင်အယောင်တွေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ခြံရံထားတာ။ ဒါပေမဲ့ကျွန်တော်ကအရာရှိမဟုတ်ဘူး။ အရာရှိဖြစ်နေတဲ့ ကျွန်တော့်ဆရာအကြောင်းကို ကျွန်တော်စဥ်းစားနေတာ။ ဆရာကအရာရှိသာဖြစ်နေတာ။ သူနဲ့ဆိုင်တဲ့ပညာရပ်တွေလေ့လာတာမျိုးကို ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။ ဒါပေမဲ့ပညာရပ်ကျွမ်းကျင်တာမျိုးကလည်း အရာရှိတာ၀န်မှမဟုတ်ဘဲလေ။ အရာရှိတာ၀န်က အော်မယ်ငေါက်မယ်လက်မှတ်ထိုးမယ်။ ဒါတွေကို သူ့နေ့နဲ့သူ လုပ်ပေးနေဖို့ပဲဟာ။ ဒီလိုနဲ့ ကျွန်တော်ရုံးမှာမပျော်တဲ့အခါ ဘီယာဆိုင်တွေဖိထိုင်တယ်။ ဘိကောင်းကောင်းရှာပြီး စော်ချောချောလေးတွေနဲ့ နှပ်တတ်လာတယ်။ ကျွန်တော်စော်ဖန်တဲ့အခါ သူတို့လေးတွေအထင်ကြီးအောင် ကျွန်တော်အလွတ်ကျက်ထားတဲ့ ဒုတိယကမ္ဘာစစ်အတွင်းကကဗျာတွေကို လက်တန်းရွတ်ပြတယ်။ ဒါပေမဲ့ဘယ်စော်မှအထင်မကြီးဘူး။ ဆန်းကျော်စွာ၀င်းလို၊ စစ်ငြိမ်းတို့လို စော်ကြိုက်ကီးလေးတွေ ကျွန်တော်ဖန်တီးလိုက်မှပဲ ကျွန်တော့်ရဲ့ဘီယာ၀ိုင်းလေးက ကာလာလေးတွေစုံလာတယ်။ မင်းကိုငါလွှတ်လိုက်တယ် ငါကျွတ်ပါစေကွယ်လို့ စော်မေးစေ့လေးပွတ်ပြီး ကျွန်တော်ရွတ်ပြနေတုန်းမှာပဲ ကျွန်တော့်ရဲ့နိုင်ငံတော်ကြီးက အာဏာသိမ်းခံလိုက်ရပြီတဲ့။ ဒါပေမဲ့ဘာအရေးလဲ။ ကျွန်တော့်စော်လေးက ကျွန်တော့်ဘေးနားမှာရှိတုန်းပဲလေ။
နိုရာ၀င်း
၂၀ ဇွန်၊ ၂၀၂၁
Comments
Post a Comment