ကြေမွတွန့်လိပ်
ကြေမွတွန့်လိပ်
အိပ်လို့မရ ညကြီးမင်းကြီး ထပြီးထိုင်နေ
လိုအပ်ရင် မြွေတစ်ကောင်လို
ကျွန်မတွန့်လိမ်ပြီးနေနိုင်တယ်။
ကျွန်မ မရောက်တဲ့သစ်ကိုင်းတိုင်းကို ကျွန်မရဲ့တိရစ္ဆာန်နံ့က ကြိုရောက်နှင့်တယ်။
"ဒီစာရွက်တွေကို အကောင်းတိုင်းဖြစ်အောင် တစ်ခုချင်းဆက်ခဲ့"၊
ရှင့်ကို တစ်ခုချင်းပြန်ဆက်ဖို့
ကျွန်မ ဘယ်တော့မှ ဖြစ်နိုင်မယ် မထင်ဘူး။
မြစ်တစ်ဆင်းက ထိုးသွင်းလိုက်တဲ့လျှာထဲ
ကျွန်မဟာ ငါးမန်းတစ်ကောင် ဖြစ်သွားတယ်။
မြင်ရတဲ့ အတောင်တွေကို ပြည်သူတွေဆီ
ပို့ဆောင်ပြီး၊
မမြင်ရတဲ့ ဆောင်းဥတုကို ရှင့်ဆီ ပို့လိုက်တယ်။
ဆောင်းရဲ့လည်ပင်းကို ရေနံတ၀လောင်းချလိုက်တယ်။
အေးစက်ခြင်းအားလုံး လောင်ကျွမ်းပါစေကွယ်။*
ဒါက ကျွန်မရဲ့အမြီး။ ဒါက ကျွန်မရဲ့နှုတ်သီး။
ဒါက လူတွေငေးနေတဲ့ ကျွန်မရဲ့ကိုယ်ပေါ်က
သွေးသားလတ်ဆတ်ရေညှိတွေ။
ကျွန်မရဲ့ပူစီဟာ ရှင့်နှုတ်ခမ်းမွှေးကားရားထဲ
ဆူရှီလို ကျစ်လျစ်နေတယ်။
ကျွန်မဆံပင်ရဲ့အမြစ်ကနေ
တစ္ဆေတစ်ကောင် လျှောကျလာတယ်။
ကျွန်မလက်သည်းမှာ လက်သည်းမရှိဘူး။
ကျွန်မခြေသည်းမှာ ခြေသည်းမရှိဘူး။
ကျွန်မအဆုတ်မှာ အဆုတ်မရှိဘူး။
ဒါပေမဲ့ ကျွန်မ လေရှူနေတယ်။
ဒါပေမဲ့ ကျွန်မ လေမရှူဘူး။
ကျွန်မဟာ တစ္ဆေ။
အိပ်ရာတွေလည်း ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်ဖို့ကောင်းတာ တစ္ဆေ။
သစ်ရွက်တွေကြား ကြယ်လေးငါးပွင့်
လျှောက်ကြဲပစ်နေတာလည်း တစ္ဆေ။
ခုတင်ခြေရင်း ဖြေးနင်းရှပ်ရှပ်
သွေးရူးသွေးတန်း သွားနေခဲ့တာလည်း တစ္ဆေ။
မြစ်နက်ထဲမှာ ငါရေနစ်မြုပ်
ပြန်တက်မလာတော့တာလည်း တစ္ဆေ။
ကျွန်မဟာ တစ္ဆေ။
ကျွန်မဟာ စွံ့အသွားတဲ့ ကုက္ကိုကိုင်းဖျား။
ကျွန်မဟာ ချမ်းပြီးကုပ်နေတဲ့ ကဗျာတစ်ပုဒ်။
မြစ်အောက်ရောက်သူတိုင်းက ကျွန်မနာမည်ကိုရေရွတ်ကြတယ်။
ဒါပေမဲ့ ကျွန်မဟာ ဘုရားတော့မဟုတ်ဘူး။
သစ္စာလေးတန် အဘိဉာဥ်ကို ဒီအနေအထားနဲ့ ရှာလို့မရဘူး။
ကျွန်မဟာ ရှင်နင်းတာခံလိုက်ရတဲ့
ပက်ကျိတစ်ကောင်ပဲ။
ရှင်ပေါ်မလာတဲ့ ပြတင်းဘောင်တစ်ခုမှာ
ကျွန်မလည်တံတစ်ခုလုံး
တအိအိနဲ့အရည်ပျော်နေတယ်။
နိုရာ၀င်း
၂၀၂၁
ရည်ညွှန်း-ဆရာမ ကြည်အေး၏ တစ္ဆေ
*ဆရာအောင်ခင်မြင့်၏ စာသား။
Comments
Post a Comment